နိုင်ငံတော်ကာကွယ်ရေးတာဝန်ကို ထမ်းဆောင်လိုသောဆန္ဒရှိသည့် တိုင်းရင်းသားများကို တပ်မတော်က ဖိတ်ခေါ်ကြိုဆိုဟု ကာကွယ်ရေးဦးစီးချုပ်ဆို
နေပြည်တော်၊ ဇန်နဝါရီ ၁၂ ရက်(ဆင်ဟွာ)
နိုင်ငံတော်ကာကွယ်ရေးတာဝန်ကို ထမ်းဆောင်လိုသောဆန္ဒရှိသည့် တိုင်းရင်းသားများကို တပ်မတော်က ဖိတ်ခေါ်ကြိုဆိုကြောင်း တပ်မတော် ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်က ဇန်နဝါရီလ ၁၂ ရက် ပြည်ထောင်စုငြိမ်းချမ်းရေး ညီလာခံအဖွင့်မိန့်ခွန်းတွင် ထည့်သွင်းပြောကြားသည်။
စစ်မှန်သော ငြိမ်းချမ်းရေးရရန် တပ်မတော်အနေဖြင့် ငြိမ်းချမ်းရေးမူဝါဒ ၆ ချက် ချမှတ်ဆောင်ရွက်ခဲ့ပြီး အပစ်အခတ်တိုက်မှုရပ်စဲရေး ဆောင်ရွက်ရာတွင်လည်း အပြန်အလှန်ယုံကြည်မှု စာနာမှုဖြင့် မိမိဆန္ဒကို ရှေ့တန်းမတင်ကြဘဲ နိုင်ငံတော်အကျိုး ကြည့်ဆောင်ရွက်မှုကြောင့် တစ်နိုင်ငံလုံး အပစ်အခတ်ရပ်စဲရေးစာချုပ်ကို လက်မှတ်ရေးထိုးနိုင်ခဲ့ကြောင်း ၎င်းကဆိုသည်။
အပစ်ခတ်ရပ်စဲရေးစာချုပ်တွင် လက်မှတ်မရေးထိုးနိုင်သေးသည့် အဖွဲ့အစည်းများအပေါ် တပ်မတော်အနေဖြင့် သံသယစိတ်မထားဘဲ မိမိဆန္ဒအရ လက်မှတ်ရေးထိုးနိုင်ရန် တံခါးဖွင့်ထားကြောင်း ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်ကပြောသည်။
ယနေ့ကျင်းပသော ပြည်ထောင်စု ငြိမ်းချမ်းရေး ညီလာခံသည် တစ်နိုင်ငံလုံး နှင့် ဆိုင်သော ညီလာခံဖြစ်ပြီး အဆိုပါ ညီလာခံမှ ဆွေးနွေးမှုများသည် ရလဒ်ကောင်းများ ထွက်ပေါ်လာနိုင်သည်ဟု အပြည့်အဝ မျှော်လင့်ကြောင်း ၎င်းကဆိုသည်။
NCA ပြဌာန်းချက်များအရ နိုင်ငံရေးဆွေးနွေးပွဲများ စတင်ကျင်းပရန် ပြည်ထောင်စု ငြိမ်းချမ်းရေး ညီလာခံ (Union Peace Conference) ကို ဇန်နဝါရီလ ၁၂ ရက်မှ စတင်ပြီး ငါးရက်ကြာ နေပြည်တော်၌ ကျင်းပလျက်ရှိသည်။
ယနေ့ကျင်းပသော ပြည်ထောင်စု ငြိမ်းချမ်းရေးညီလာခံကို နိုင်ငံတော် သမ္မတ ဦးသိန်းစိန်၊ ဒုတိယသမ္မတ ဒေါက်တာစိုင်းမောက်ခမ်း၊ ပြည်ထောင်စုလွှတ်တော် နာယက၊ ပြည်သူ့လွှတ်တော် ဥက္ကဋ္ဌ သူရဦးရွှေမန်း၊ အမျိုးသားလွှတ်တော် ဥက္ကဋ္ဌ ဦးခင်အောင်မြင့်၊ တပ်မတော် ကာကွယ်ရေး ဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်၊ အမျိုးသား ဒီမိုကရေစီအဖွဲ့ချုပ် ဥက္ကဋ္ဌ ဒေါ်အောင်ဆန်းစုကြည်၊ ပြည်ထောင်စုဝန်ကြီးများ၊ တိုင်းရင်းသား လက်နက်ကို်င်များ နှင့် နိုင်ငံရေးပါတီများမှ ကိုယ်စားလှယ်များ တက်ရာက်ကြသည်။ (Xinhua)
------------------------------------------------
|
No comments:
Post a Comment